top of page

ခန္ဓာကိုယ် အစိတ်အပိုင်းများကို တက်မက်မှု Partialism

Sep 15, 2024

2 min read

0

10

0

Partialism ဆိုတာ ခန္ဓာကိုယ်က လိင်အင်္ဂါ (genitals) မဟုတ်တဲ့ တခြားအစိတ်အပိုင်းတွေအပေါ်မှာ စွဲလမ်းမှု ဖြစ်တာကို ခေါ်တာပါ။ ကိုယ့်မျက်လုံးထဲ လှလို့ သဘောကျတယ် ဆိုတာထက် လိင်စိတ်နိုးကြွစေတဲ့ စွဲလမ်းတက်မက်မှုကို ပြောတာပါ။ ဒါကိုပဲ fetish လို့လည်း ဆိုကြတာပေါ့။ 



အများဆုံးသော တက်မက်လေ့ရှိတဲ့ အစိတ်အပိုင်းက ခြေဖဝါး (Podophilia or foot fetish) လို့ သုတေသနတွေက ဆိုပါတယ်။ တခြား အများစု စွဲလမ်းတတ်ကြတာတွေက မျက်လုံး (Oculophilia or eye fetish)၊ ချိုင်း (Maschalagnia or armpit fetish)၊ ရင်သား (Mazophilia or breast fetish)၊ တင်ပါး (Pygophilia or buttock fetish)၊ နှာခေါင်း (Nasophilia or nose fetish)၊ ဆံပင် (Trichophilia or hair fetish)၊ လက် (Cheirophilia or hand fetish)၊ ခြေထောက် (Crurophilia or leg fetish) စသဖြင့် များစွာ များစွာ ရှိပါသေးတယ်။ 


ဒီလို စွဲလမ်းတက်မက်မှုဟာ ပုံမှန်မှ ဟုတ်ရဲ့လားလို့ မေးစရာ ရှိပါတယ်။ Partialism နဲ့ ပတ်သက်ရင် အတော်လေးကို အငြင်းပွားဖွယ်ရာတွေ ရှိနေတာလည်း သေချာပါတယ်။ (သာမန် ပုံမှန် လူ့အသိုင်းအဝိုင်းကြားမှာ တချို့ fetish တွေက သိပ်မထူးပေမယ့်၊ တချို့ Fetish တွေကိုကျ လက်ခံနိုင်ဖွယ် မရှိပါဘူး။) ဒါကြောင့် သူ့ရဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးများ ကို အရင် လေ့လာကြည့်တာ ကောင်းပါလိမ့်မယ်။ 


၁။ ဒီစိတ်ရှိသူဟာ အဲဒီတက်မက်မှုကြောင့် သူ့ရဲ့ဘဝကို ထိခိုက်မှုရှိနိုင်ပါတယ်။ ဒီလို ထိခိုက်နိုင်မှန်း သိပါလျက်နဲ့ ထိန်းချုပ်ဖို့ ခက်နေတယ် (သို့) ထိန်းဖို့ ကြိုးစားရကောင်းမှန်း မသိဘူးဆိုရင် ကိုယ့်ကိုယ်ကိုရော တစ်ပါးသူကိုပါ အန္တရာယ်ဖြစ်စေနိုင်ချေ မြင့်ပါတယ်။ 


၂။ တချို့စွဲလမ်းမှုတွေဟာ ပုံမှန်လူ့အသိုင်းအဝိုင်းရဲ့ အမြင်မှာ အရုပ်ဆိုးလွန်းတယ် သတ်မှတ်ခံရတာကြောင့် ... (ဘယ်သူ့ကိုမှ ထိခိုက်စေတာ မဟုတ်သော်လည်း) လူ့အသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခြင်း ခံရနိုင်ချေ ရှိပါတယ်။ 

၃။ ဒီစိတ်ရှိမှုအပေါ်မှာ ထပ်ခါတလဲလဲ ဖိနှိပ် အနှိမ်ခံရခြင်းက partialism ထဲမှာ ပိုပိုနစ်ဝင်သွားပြီး သာမန်ထက်ပိုတဲ့ စိတ်အခြေအနေထဲ ရောက်သွားနိုင်ပါတယ်။


၄။ ကိုယ့်ရဲ့အကြောင်းကို ဖော်ပြဖို့ ခက်ခဲလွန်းတဲ့ အခြေအနေကနေ ကာလကြာရှည် depression ဝင်လာပြီး suicidal thoughts တွေ အထိ ဝင်လာနိုင်ပါတယ်။


ပုံမှန်အားဖြင့်တော့ ဒီလို partialism သို့မဟုတ် တခြား မူကွဲ fetish ရှိတယ်ဆိုတိုင်း စိတ်ပညာရှင် ဆီသွားပြီး ကုသမှုခံယူရမယ့် ပြဿနာတစ်ခုလို့ သတ်မှတ်လို့ မရပါဘူး။ တချို့အတွက်က ကိုယ့်အကြောင်း တခြားသူ သိမှာရှက်တာ (သို့) ဥပဒေကို ချိုးဖောက်သလိုဖြစ်မှာကို ကြောက်တာ ကြောင့် မျိုသိပ်ထားတာကသာ အန္တရယ် ဖြစ်လာနိုင်စေတာပါ။ နောက်တစ်ခုက ကိုယ့်ကိုယ်ကို သတိမထားမိတာကြောင့်လည်း negative impact ဖြစ်လာနိုင်ပါတယ်။ 


ဒီစိတ်ဟာ ပြင်ဖို့တော့ ခက်တာ အမှန်ပေမယ့်၊ ကိုင်တွယ်ပုံ တတ်ရင် ပြဿနာနည်းမှာတော့ သေချာပါတယ်။ ကိုယ်ဟာ ဒီစိတ်ရှိတာ သေချာရင် စမ်းစစ်မှု လုပ်တာအကောင်းဆုံးသော ကိုင်တွယ်နည်းပါပဲ။ 


*** ကိုယ့်ရဲ့ စွဲလမ်းတက်မက်မှုဟာ ကိုယ်အပါအဝင် တစ်စုံတစ်ယောက်ကို ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နိုင်ချေ ရှိနေသလား ဘယ်လောက်အထိ အန္တရာယ်များသလဲ (risk of damage) စသဖြင့် သေချာပြန်လှန် သုံးသပ်တာ လုပ်ရပါမယ်။*** 


ဒါသည်သာလျင် ကိုယ့်စွဲလမ်းမှုနဲ့ကိုယ် ကျေနပ်စွာ သွားနိုင်ဖို့ တစ်ခုတည်းသော နည်းလို့ ဆိုနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်ကို ရှောင်ပြီး လုံခြုံစိတ်ချစွာ သွားနိုင်မယ့် နည်းလမ်းကို ရွေးချယ် လျှောက်လှမ်းနိုင်ဖို့က အရေးအကြီးဆုံးပါ။ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ကုထုံးခံယူတာလည်း လုပ်ရပါမယ်။

 

ဥပမာ ပေးရရင် (ခလေးငယ်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို မြင်ရင် ရမက်စိတ်ကြွတဲ့ စွဲလမ်းတက်မက်မှုဟာ နောက်ဆက်တွဲ ပြဿနာပေါင်း သောင်းခြောက်ထောက် ပေးမယ့် fetish ဖြစ်ပါတယ်။) 


Conclusion လုပ်ရမယ်ဆိုရင်၊ အားလုံးသော စိတ်ပညာရှင်တွေ သုတေသန ပညာရှင်တွေ လက်ခံထားတာက *** Partialism သမားကို ပုံမှန်မဟုတ်ဘူးလို့ သာမန်လူ့အဖွဲ့အစည်းက ဘယ်လောက်ပင် ဆိုဆို အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ Partialism ကို သူ့အဖော်နဲ့ သဘောတူကြည်ဖြူစွာ ကျင့်သုံးတယ်ဆိုရင် ဘာပြဿနာမှမရှိ (unhealthy ဖြစ်တယ်လို့ မခေါ်) ပါဘူးတဲ့*** 


လုံခြုံစိတ်ချ ဘေးကင်းသော တက်မက်မှုတွေနဲ့ ပျော်ရွှင်နိုင်အောင် ကြံဆောင်နိုင်ကြပါစေကြောင်း...

Reference: Emedicine, United We Care, Psychology Today

Comments

Share Your ThoughtsBe the first to write a comment.
bottom of page